လိပ်သိုမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ထုတ်ချေးထားသည့် တောင်သူများအား ကြီးကြပ်ရေးကော်မတီများမှ ကွင်းဆင်းစစ်ဆေး

လိပ်သို  ဒီဇင်ဘာ  ၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဒေသခံတောင်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြ၍ နှစ်ရှည်သီးနှံပင်မျိုးစုံအား စိုက်ပျိုးကြသည့်အနက် ကော်ဖီသီးနှံနှင့် (ချဉ်ပေါင်) ဖာလာကို အဓိကထား စိုက်ပျိုးကြကြောင်း သိရသည်။

လိပ်သိုဒေသတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထုတ်ချေးထားသည့် တောင်သူများအား  ခရိုင်/မြို့နယ်ကြီးကြပ်ရေးကော်မတီအဖွဲ့များမှ အဆိုပါ ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများသို့ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ဒီဇင်ဘာလ ပထမပတ်အတွင်းက မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  ခရိုင်/မြို့နယ်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များက ကော်ဖီစိုက်ပျိုးသောတောင်သူ၊ ဖာလာစိုက်ပျိုးသောတောင်သူ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံ၍ ကော်ဖီသီးနှံနှင့် ဖာလာခြံရှင်းလင်းဆောင်ရွက်နေမှု အခြေအနေတို့ကို စစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

လိပ်သိုမြို့သည် ရပ်ကွက်/ကျေးရွာအုပ်စု (၃၇) အုပ်စုရှိပြီး ကျေးရွာအုပ်စု (၉) အုပ်စု၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဖာလာစိုက်တောင်သူဦးရေ (၂၈၅) ဦးအား တစ်ဧကလျှင် (၁) သိန်းကျပ်နှုန်းဖြင့် စိုက်ဧက (၃၁၈၉) ဧက နှင့် ကျေးရွာအုပ်စု (၆) အုပ်စု၌ ကော်ဖီ စိုက်တောင်သူဦးရေ (၇၈) ဦးတို့အား တစ်ဧကလျှင် (၃) သိန်းကျပ်နှုန်းဖြင့် စိုက်ဧက (၇၅၃) ဧကတို့ကို စိုက်ပျိုးရေးတောင်သူများအား လူမှုစီးပွားဘ၀မြှင့်တင်နိုင်ရေးအတွက် ချေးငွေများ ထုတ်ချေးပေးထားကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)