နတ်မောက်မြို့နယ်တွင် မွေးမြူရေးလုပ်ငန်းများအနက် ဆိတ်မွေးမြူရေးကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လာ

နတ်မောက် ဒီဇင်ဘာ ၆

ကျေးလက်နေပြည်သူများသည် အများအားဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် မိရိုးဖလာစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြသည်။ အချို့တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းအပြင် နွား၊ ဆိတ်၊ သိုး၊ ဝက် စသည့်များကို တွဲဖက်မွေးမြူလာကြကြောင်း သိရသည်။

တိရစ္ဆာန်မွေးမြုရေးလုပ်ငန်းများအနက် နွားစျေးကွက်ပျက်နေသည်မှာ ကိုဗစ်-၁၉ကာလမှ ယခုနှစ်အထိ  ကြာမြင့်နေပြီး ငွေကြေးအရ တွက်ချေကိုက်မှုမရှိကြကြောင်း၊ ဝက်မွေးမြူထားသော်လည်း စျေးကွက်မှ ဝယ်လက်ရှားပါးသဖြင့် အဆင်မပြေကြောင်း၊ ဝက်စာအတွက်အစာစရိတ်ကြီးမြင့်လာမှုကြောင့် ဝက်မွေးမြူသူ နည်းပါးသွားကြောင်း ဝမ်းဘဲအင်းကျေးရွာ တောင်သူကိုစိုးက ပြောသည်။

နွားနှင့်ဝက်မွေးမြူရာတွင် စျေးကွက်နည်းပါးခြင်းကြောင့် ယခုအခါ တောင်သူများသာမက လက်လုပ်လက်စားများကပါ ဆိတ်မွေးမြူရေးကို တွင်တွင်ကျယ်ကျယ် မွေးမြူလုပ်ကိုင်လာကြသည်။ ဆိတ်မများသည် (၆)လလျှင် တစ်ကြိမ် သားပေါက်သဖြင့် ဆိတ်ကောင်ရေ(၂၀)ကို စတင်မွေးမြူပါက တစ်နှစ်ပြည့်လျှင် ကောင်ရေ (၄၀)တိုးလာကြောင်း၊ ဆိတ်စာအဖြစ် သီးခြားဝယ်ယူကျွေးရန်မလိုဘဲ စားကျက်သို့ တစ်နေ့(၂)ကြိမ်ခန့် လွှတ် ကျောင်းစနစ်ဖြင့် မွေးမြူပါက ဆိတ်များ ကြီးထွားမှုရှိလာကြောင်း စျေးကွက်အနေဖြင့် ဝယ်လက်များမှ ကျေးရွာများအထိ ကားများဖြင့် ဆင်းလာပြီး ဆိတ်အရှင်တစ်ပိဿလျှင် (၈၀၀၀)နဲ့ (၁၀၀၀၀)ကြားဝယ်ယူနေကြကြောင်း ယခုအခါ နတ်မောက်မြို့မစျေးအတွင်း ဆိတ်ခုံမှ အသားတစ်ပိဿလျှင် (၂၀၀၀၀)နှင့်အထက် စျေးနှုန်းဖြင့် ရောင်းနေကြောင်း သိရသည်။

ယခုအခါနတ်မောက်မြို့နယ် (န)ဂွေးချိုရွာ ကိုစိုးမင်းတွင် ဆိတ်ကောင်ရေ (၈၀)ခန့်၊ န-လက်ခုပ်ပင်ကျေးရွာ ကိုမြင့်ဇော်တွင် ဆိတ်ကောင်ရေ (၄၀)ခန့်၊ ဦးဝင်းမောင်တွင်ဆိတ်ကောင်ရေ (၆၀)ခန့်နှင့် အခြား တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူသူများတွင် အနည်းဆုံးကောင်ရေ (၁၅)ကောင်မှ (၂၀)ခန့်အထိ တွင်တွင်ကျယ်ကျယ် မွေးမြူလျက်ရှိကြောင်း ဦးတင်ရွှေက ပြောသည်။

မူမူစန်း