ကလိန်အောင်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကလိန်အောင် ဒီဇင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးဦးစီး‌ဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး‌ဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က သင်တန်းဖွင့် မိန့်ခွန်းပြောကြားရာတွင် မီးသတ်တပ်ဖွဲ့ဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါက်ဖွားခဲ့တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့အတွက် ရှေးအစဉ် အလာကောင်းများကို ထိန်းသိမ်းကာကွယ်ရင်း မိမိတို့လက်ရှိတာဝန်ဝတ္တရားတွေကို လူမှုရေးစိတ်ဓာတ်အပြည့်အဝနဲ့ ညီနောင်တပ်ဖွဲ့ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ မီးလောင်မှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုးများ မြင့်တက်လာတတ်တဲ့သဘောသဘာဝရှိပါကြောင်း၊ ဒါကြောင့်မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းရေးနှင့် အရည်အသွေးပြည့်ဝထက်မြတ်အောင်ခေတ်နှင့်အညီတိုးတက်ပြောင်း လဲလာတဲ့ မီးသတ်ပညာရပ်တွေကို မီးသတ်တပ်ဖွဲ့ဝင်တိုင်းသိရှိတတ်မြောက် ကျွမ်းကျင်ဖို့လိုအပ်ပြီးစွမ်းရည်၊ စွမ်းအားတွေ တိုးတက်လာစေဖို့ အရည်အချင်းရှိတဲ့တပ်ဖွဲ့ဝင်တွေ ဖြစ်လာစေဖို့အတွက် လေ့ကျင့်ရေးကို ဦးစားပေးဆောင်ရွက်သွားဖို့လိုကြောင်း၊ စိတ်ဓါတ်စည်းကမ်းနှင့် စွမ်းဆောင် ရည်မြင့်မားလာအောင် လေ့ကျင့်ရေးနှင့်ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ တပ်ဖွဲ့ဝင်တွေလည်း စိတ်ဓာတ်၊ စည်းကမ်းနှင့် စွမ်းဆောင်ရည်တွေကောင်းမွန်စေဖို့အတွက် ဒီသင်တန်းမှာ လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်ရဲ့ရည်မှန်းချက်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းနှင့်ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး လုပ်ငန်းတွေမှာစွန့်စွန့်စားစား၊ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ တပ်ဖွဲ့ဝင်များကိုလည်း နိုင်ငံတော် ကစွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်များ ချီးမြှင့်လျက်ရှိပါကြောင်း၊ တပ်ဖွဲ့ဝင်တွေဟာ မီးငြှိမ်းသတ်ရေးအပြင် အသက်ကယ်ဆယ်ရေးလုပ်ငန်းများကိုပါ သက်စွန့်ဆံဖျား ဆောင်ရွက်ရတဲ့အတွက် မွန်မြတ် မြင့်မားတဲ့လူမှုရေးဝန်ထမ်းလုပ်ငန်းတစ်ရပ် ဖြစ်ကြောင်းပြည် သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ၊ နိုင်ငံတော်ရဲ့ ကုန်ထုတ်စွမ်းအားတွေကိုမီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များမှ လွတ်ကင်းအောင် မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ သတိ၊ သစ္စာ၊ သတ္တိနှင့်အညီ သက်စွန့်ဆံဖျား ဆောင်ရွက်သွားကြပါလိုကြောင်း အမှာစကားပြောကြားခဲ့ သည်။

ထို့နောက် ကလိန်အောင်မြို့ နယ်မြေမီးသတ်စခန်းမှ ဒု-ဦးစီးမှူး ဦးကျော်မျိုးထွန်းက သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ရည်ရွယ် ချက်များကို ပြောကြားပြီး သင်တန်းသားများအတွက် တူညီဝတ်စုံများကို မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဝင်းဗိုလ် နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ကြသည်။

ပြီးနောက် အရန်မီးသတ်တပ်ဖွဲ့ဝင်များကိုယ်စား တပ်ဖွဲ့ဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဝင်းဗိုလ်က နိဂုံးချုပ်အမှာစကားပြောကြားပေးခဲ့သည်။

အဆိုပါသင်တန်းတွင်ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ ဝင်သင်တန်းသား(၁၀၀)ဦးခန့်အား သင်တန်းနည်းပြ(၃)ဦးမှ ရှာဖွေကယ်ဆယ်ရေး၊ မီးငြှိမ်းသတ်နည်း၊ စစ်ရေးပြစသည့်ဘာသာရပ်များကို ဒီဇင်ဘာလ(၅)ရက်နေ့မှ(၃၀)ရက်နေ့အထိ ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး‌ဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဝင်းဗိုလ်နှင့် ဌာနဆိုင်ရာများ၊ ကလိန်အောင်မြို့ နယ်မြေမီးသတ်စခန်းမှ ဒု-ဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)