ကျွန်းစု ဒီဇင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့က ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့မဈေးအရှေ့နှင့် မြို့အဝင်ဆိပ်ကမ်းတို့၌ ကွင်းဆင်းအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန့်နှင့် မြို့မစခန်းမှူး ဒုရဲမှူးစံလှတို့က ယာဉ်မတော်တဆ ထိခိုက်မှုအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်နှင့် လူမှုစီးပွားဘဝဆုံးရှုံးမှုများ၊ ဒဏ်ရာရမှုများ လျော့နည်းကျဆင်းစေရေးအတွက် မော်တော်ဆိုင်ကယ်စီးနင်းကြသည့် မိဘပြည်သူများအနေဖြင့် ဆိုင်ကယ်စီးနင်းရာတွင် ဦးထုပ်ဆောင်းရန်၊ မေးသိုင်းကြိုးတပ်ဆင်ရန်နှင့် လိုက်နာရမည့် စည်းကမ်း ချက်များ၊ မော်တော်ဆိုင်ကယ်ကို မောင်းနှင်းစီးနင်းရာတွင် ရှေ့မီးအနိမ့်ကို နေ့၊ ည အချိန်တိုင်းတွင်ဖွင့်၍ မောင်းနှင်စီးနင်းကြရန် တိုက်တွန်း၍ စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထိုနောက် ရဲတပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လိုက်နာရမည့်အချက်များကို ပညာပေးကာလ (၁)လ သတ်မှတ်၍ ပြည်သူများအား အသိပညာပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာပေးကာလကျော်လွန်ပါက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုမရှိသည့် မော်တော်ယာဉ်မောင်းနင်သူများကို အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)