သရက်ချောင်း ဒီဇင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစ အသက် (၄၅) ရက်မှ အသက် (၁၈) လအရွယ်အထိ ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှု ဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် လစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများက ကလေးသူငယ်များအား ကိုယ်အပူချိန်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ စာရင်းရေးသွင်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အသက် (၈) လ မှ အသက် (၁)နှစ်ခွဲအထိ ကလေးသူငယ်များကို ဆိုဆို့ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်သားအဝါ(ဘီ)၊ ဦးနှောက်အမြေးရောင် ရောဂါစသည့် ငါးမျိုးစပ်ကာကွယ်ဆေးများကို သတ်မှတ်အကြိမ်တိုင်း ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေး တိုက်ကျွေးခြင်းနှင့် ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို နိုဝင်ဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သားကြီး(သရက်ချောင်း)