ရွှေကျင်မြို့တွင် ပဉ္စနိကာယဏ္ဏဝပိဋကတ္တယ ပါရဂူဘွဲ့ရ ဆရာတော်အား ကြိုဆိုပူဇော်ပွဲ စည်ကားစွာကျင်းပ

ရွှေကျင် ဒီဇင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာ စိန်ရောင်ခြည်ကျောင်းတိုက် ဆရာတော် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်(၁၁)ဘွဲ့ရ ဘဒ္ဒန္တပညာသာရဘိဝံသမှ ပဉ္စနိကာယဏ္ဏဝပိဋကတ္တယပါရဂူဘွဲ့ ထပ်မံရရှိခဲ့သည့်အတွက် ယနေ့ နံနက် ၉ နာရီ အချိန်မှစ၍ ရွှေကျင်မြို့မှ ကြိုဆိုပြီး မြို့တွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူ‌ဇော်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ သထုံမြို့၊ သုဝဏ္ဏဘူမိပရိယတ္တိသာသနဟိတအသင်း ရာပြည့်ပူဇော်ပွဲတွင် ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာ စိန်ရောင်ခြည် ကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်(၁၁)ဘွဲ့ရ ဘဒ္ဒန္တပညာသာရဘိဝံသမှ ပဉ္စနိကာယဏ္ဏဝပိဋကတ္တယ ပါရဂူဘွဲ့အား ဆက်ကပ်လှူဒါန်းခဲ့သည့်အတွက် ရွှေကျင်မြို့သို့အပြန်တွင် မြို့နယ်အတွင်းရှိ တပည့်ဒါယကာ/ဒါယိကာမ အပေါင်းတို့က ကြိုဆိုဂုဏ်ပြုပူဇော်ပြီး ဓမ္မစင်္ကြာအဖွဲ့များဖြင့် မြို့တွင်းသို့ စည်ကားသိုက် မြိုက်စွာလှည့်လည် အပူ‌ဇော်ခံခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)