တောင်ငူ ဒီဇင်ဘာ ၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ပြည်သူများစာဖတ်သည့် အလေ့အထများရှိလာစေရန်၊ စာပေကို လက်လှမ်းမီစွာ ဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှု လေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များကို ပြည်သူများ လက်ဝယ်အရောက် သွားရောက်ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံး၊ ခရိုင်အိုးအိမ်ဦးစီးဌာနနှင့် အထက (၁) သို့ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများအား သုတ၊ ရသစာအုပ်များကို တစ်ကြိမ်လျှင် နှစ်ပတ်ကြာအထိ အခမဲ့ငှားရမ်းပေးပြီး၊ အသင်းဝင်ရောက် လိုသူများကိုလည်း အသင်းဝင်ကတ်ပြားများ ရရှိရေးအတွက် ဆောင်ရွက်ပေးကြောင်း၊ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများသို့ အလှည့်ကျစနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဇော်ကိုကို (ပြန်/ဆက်)