လိပ်သို ဒီဇင်ဘာ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ လမ်းဦးစီးဌာနသည် လမ်းများကာလ ကြာရှည်စွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ သံမိုးတောင်-ပိန်းသီလာလမ်းပိုင်းရှိ လိုအပ်သောနေရာများတွင် ရေလွှာပိတ် နိမ့်မြင့် ညှိကတ္တရာခင်းခြင်းလုပ်ငန်း (၂) မိုင် (၄) ဖာလုံကို ဆောင်ရွက် ပြီးစီးပြီဖြစ်၍ ဒေသခံပြည်သူများ၊ မော်တော်ယာဉ်များ သွားလာသယ်ယူပို့ဆောင်မှု ယခင်ကထက် ပိုမိုအဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းကို ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့၏ နယ်နမိတ်ခြင်း ထိစပ်လျက်ရှိသောလမ်းကြောပေါ်တွင် ဖောက်လုပ်ကာ လမ်း၏အရှည်မှာ (၁၂) မိုင်ရှိကြောင်းနှင့် တောင်ငူ− လွိုင်ကော် ပြည်ထောင်စုလမ်းနှင့် သံမိုးတောင်ကျေးရွာတွင် ဆက်သွယ်ပေးထားပြီး လမ်းတည် ရှိရာနယ်မြေအတွင်းရှိ တိုင်းနှင့်ပြည်နယ် (၂) ခုမှ ကျေးရွာနေပြည်သူများ ထိုလမ်းမှတဆင့် ပြည်ထောင်စုလမ်းကို အသုံးပြုကာ အခြားမြို့ကြီးများသို့ ကူးသန်းသွားလာနိုင်ကြောင်း၊ ဒေသထွက်ကုန်သီးနှံများ ပို့ဆောင်ရောင်းဝယ်မှု ပိုမိုလျင်မြန်အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)