နတ်မောက် ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကြူအိုင်ကျေးရွာတွင် စိုက်ပျိုးထားရှိသော ဖူးစားပြောင်းများ စျေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ မိုးဦးသီးနှံများ စိုက်ပျိုးရိတ်သိမ်းလို့ပြီးရင် မိုးနှောင်းကာလ အသီးအနှံများစိုက်ပျိုးရန်အတွက် ထယ်ရေးပြုပြင်ဆောင်ရွက်ရပါတယ်၊ ပြုပြင်ပြီးမြေပေါ်မှာ မိမိစိုက်ပျိုးလိုတဲ့ အသီးအနှံများကို စိုက်ပျိုးကြတာပေါ့ဗျာ၊ ခုစိုက်ပျိုးထားတာတော့ စိုက်ပျိုးရေးဆိုင်များမှ တစ်ဘူးကို (၁၆၀၀၀)ကျပ်နဲ့ သွားရောက်ဝယ်ယူထားရှိတဲ့ ဖူးစားပြောင်း စိုက်ထားတာပါ။ ဖူးစားပြောင်းကို စိုက်မယ်ဆိုရင် ပင်ကြားတန်းကြား (၁)တောင်ပတ်လည် ထားရှိရပါတယ်၊ စိုက်ပြီး အရက်(၂၀)သားရှိရင် အပင်ခြေရင်းအား မြေကိုဆွပေးပြီး မြေဩဇာကျွေးပေးရပါတယ်၊ (၄၅)ရက်ပြည့်တဲ့အခါမှာ အဖူးစဖူးပြီး (၆၅)ရက်ဆိုရင် ရောင်းတန်းဝင် ဖူးစားပြောင်းများ စတင်ခူးယူလို့ရပါပြီ၊ ထွက်ရှိလာတဲ့ ဖူးစားပြောင်းများကို ယာထဲမှာ လာဝယ်တဲ့သူရှိသလို မြို့မစျေးကိုလည်း တင်ပို့ရောင်းချပါတယ်၊ လက်လီစျေးအနေနဲ့ တစ်ဖူးကို (၃၀၀) ရောင်းရပြီး လက်ကားစျေးအနေနဲ့ကတော့ (၂၅၀) ရောင်းရပါတယ်”ဟု ဖူးစားပြောင်းစိုက်ပျိုးသူ ကိုကျော်ကျော်က ပြောသည်။
နတ်မောက်မြို့နယ် ပတ်ဝန်းကျင်ရှိ န/လက်ခုပ်ပင်၊ ကြူအိုင်၊ အင်းကုန်းစသည့် ကျေးရွာများသည် မိရိုးဖလာနှမ်း၊ ပဲအမျိုးမျိုး စိုက်ပျိုးကြသည့်အပြင် ဆောင်းရာသီတွင်လည်း မြေအောက်ရေသွင်းခြင်းဖြင့် တိုင်ထောင်ပဲ၊ မုံလာဥဖြ၊ မြန်မာနံနံ၊ မြိတ်စားကြက်သွန်၊ ခရမ်း၊ ဖူးစားပြောင်း၊ ငရုတ်၊ ခရမ်းချဉ်၊ ဖရုံ၊ ဗူး၊ မုံညင်း၊ ဆလတ်စသည့် မီးဖိုချောင်သုံး ဟင်းသီးဟင်း ရွက်များကို စိုက်ပျိုးလျက်ရှိသည်။
မူမူစန်း