ပေါက်ခေါင်း ဒီဇင်ဘာ ၅
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပေါက်ခေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသော ကျောင်းတွင်းကြက်ခြေနီသင်တန်း အမှတ်စဉ်(၃/၂၀၂၂)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အထက(ဓမ္မသော်)ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ဓမ္မသော်တိုက်နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းဇော်နှင့် ပြည်ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းကြိုင်တို့က သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားသည်။ သင်တန်းတွင် ပြည်ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းကြိုင်၊ ပေါက်ခေါင်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ဝင်းရီတို့က ဦးဆောင်ပြီး၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ သင်တန်းနည်းပြများက အထက(ဓမ္မသော်)မှ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၈၉)ဦးတို့အား ဇန်နဝါရီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။
သင်တန်းအရည်အချင်းစစ် စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား ဓမ္မသော်တိုက်နယ် ဆရာဝန်ကြီး၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးတို့က ဂုဏ်ပြုဆုများနှင့် သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)