စစ်ကိုင်း ဒီဇင်ဘာ ၅
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁၀၆) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံး တို့ပူးပေါင်း၍ “လမ်းစည်းကမ်း အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက် ခြင်းကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက Talk Show ကျင်းပဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး အမှတ် (၁၀၆) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်သိင်္ဂီဝင်းက လမ်းအသုံးပြုသူ ပြည်သူများ အန္တရာယ်မဖြစ် ပွားရေး ဆောင်ရန်/ ရှောင်ရန်အချက်များ၊ သက်မှတ်ထားသည့် စည်းကမ်းများ မလိုက်နာပါက အန္တရာယ်ဖြစ်ပွားလာနိုင်ကြောင်း၊ အန္တရာယ်ဖြစ်ပွားပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများ၊ မိမိတို့ဌာနအနေဖြင့်လည်း ပြည်သူများ အန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက် မြို့၏အချက်အခြာကျသည့် နေရာများတွင် ခရီးသွားပြည်သူများအား အသိပညာများ ဖြန့်ဝေပေးလျှက်ရှိကြောင်း၊ အဆင်းမြင့်ကျောင်းများနှင့် အခြေခံပညာ ကျောင်းများသို့လည်း အသိပညာများဆွေးနွေး ဟောပြောပေးလျက်ရှိကြောင်း စသည်ဖြင့် ဦးဆောင်ဆွေးနွေး ပေးခဲ့သည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတများ ရရှိစေရန် Talk Show များဆောင်ရွက်ခြင်း၊ အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပခြင်း၊ စာအုပ်/ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ/ ပြိုင်ပွဲနှင့် လူငယ်စကားဝိုင်းများ ကျင်းပခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင် စစ်ကိုင်းခရိုင် (ပြန်/ဆက်)