ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ကန့်လန့်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ

ကျွန်းလှ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ကန့်လန့်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ အဆင်ပြေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ကျွန်တော် ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ချောင်းရေတင်ပြီး ကန့်လန့်အပင် ၃၅၀၀ စိုက်ပျိုးထားပါတယ်။ မျိုးဖိုး၊ မြေဩဇာ၊ ထွန်ယက်ခ၊ ဆေးဖိုး၊ အလုပ်သမားခအပါဝင် ငွေကျပ် တစ်သိန်းခန့်ကုန်ကျပါတယ်။ ကန့်လန့်စိုက်ခင်းမှာ စတင်ကောက်ယူနေပြီး ၁၀ စည်းပါတဲ့ အထုံးကြီးတစ်ထုံးကို ငွေကျပ် ၁၅၀၀ ရောင်းရပါတယ်။ အခုမှ စကောက်တာကြောင့် အထုံးကြီး ၇ ထုံး‌လောက်ရပြီး တစ်နေ့ ဝင်ငွေကျပ် ၁၀၀၀၀ ကျော်ရရှိပါတယ်။ တိုးချဲ့စိုက်ပျိုးဖို့လည်း ပြင်ဆင်နေပါတယ်” ဟု ရှမ်းစုကျေးရွာ ကန့်လန့်စိုက် တောင်သူတစ်ဦးကပြောပြသည်။

အဆိုပါ စားဖိုဆောင် သီးနှံစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံများရရှိရေးအတွက် သဘာဝမြေဩဇာ၊ သဘာဝ ပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးများ ပြုလုပ်သုံးစွဲရေးစသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင်၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုအဖြင့် ၁၀၆၄ ဧက စိုက်ပျိုးရန်လျာထားပြီး ယနေ့အထိ ၅၇၄ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ