ကျောက်တံခါး ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က ပဲနွယ်ကုန်းမြို့၊ သာသနာ့ပဇ္ဇောတာရုံကျောင်း(သံလမ်းကျောင်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင်၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ သဝဏ်လွှာအား မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (ပဲနွယ်ကုန်း)ရုံးခွဲ ဥက္ကဋ္ဌက ဖတ်ကြားပြီး မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (ပဲနွယ်ကုန်း)ရုံးခွဲ ဖြစ်ပေါ်လာပုံနှင့် ရုံးခွဲအကြောင်း သိကောင်းစရာများကို အမှုဆောင်အဖွဲ့ဝင် တစ်ဦးက ရှင်လင်းပြောကြားပြီး ပဲနွယ်ကုန်းရုံးခွဲမှ မသန်စွမ်းသူများအတွက် ကူညီဆောင်ရွက်ပေးခဲ့မှုများကို အမှုဆောင်အဖွဲ့ဝင်တစ်ဦးက ရှင်းလင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (ပဲနွယ်ကုန်း)ရုံးခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မသန်စွမ်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)