ဘားအံ ဒီဇင်ဘာ ၄
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အပတ်စဉ် စနေနေ့တိုင်း မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ယမန်နေ့မွန်းလွဲ (၁) နာရီ အချိန်ခန့်က ကော့ထော်ကျေးရွာအုပ်စု ကော့ထော်ရွာသစ် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
ဆွေးနွေးပွဲတွင် ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဝင်းက ကျေးရွာနေ ပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား ဖြည့်ဆည်း ပေးနိုင်ရေး စစ်ကြောင်း(၅)ကြောင်း ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်ကာကွယ်ဆေးကို လူတိုင်းထိုးနှံ ကြစေလိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သီးနှံ(၅)မျိုးအတွက် ချေးငွေများ ထုတ်ချေးပေးနေကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(၁) ဗိုလ်မှူးသန်းမင်းဌေးက နယ်မြေအေးချမ်း သာယာရေးအတွက် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိုက်အောင်က ယာဉ်စည်းကမ်းလမ်း ကမ်းဆိုင်ရာ များကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းသူက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးနေမှု နှင့်မဲဆန္ဒရှင် စာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်က လယ်ယာမြေနှင့်ပတ်သတ်၍ လိုက်နာရမည့် စည်းကမ်းများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆဲင်ဇခုပ်က သီးနှံစိုက်ပျိုးရေး နှင့်စပ်လျဉ်း၍လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ စောဖောင်ဟိက မွေးမြူးရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် တက်ရောက်လာကြသော ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား တင်ပြကြရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ကျေးလက်နေပြည်သူများ စားဝတ်နေရေးတစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်