ဘားအံ ဒီဇင်ဘာ ၄
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လေ့ရှိရာ ယမန်နေ့နံနက် ၅ နာရီခွဲခွန့်က ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ဘားအံမြို့ အမှတ်(၄)ရပ်ကွက်၊ ဝန်ကြီးများအိမ်ရာရှေ့၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ များနှင့် အများပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ကရင်ပြည်နယ် ဒီဇင်ဘာလူထုအားကစားလ ပထမအပတ် စုပေါင်းလမ်းလျှောက်ပွဲကို ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဝန်ကြီးများအိမ်ရာရှေ့မှ စတင်၍ သီရိလမ်း၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းလမ်း၊ မြို့ပတ်လမ်း၊ မန်းနဲစန်လမ်း၊ ကျော်ဇေယျလမ်း၊ ဆေးရုံလမ်းမှတစ်ဆင့် သီရိလမ်းအတိုင်း ပျော်ရွှင်စွာစုပေါင်းလမ်း လျှောက်ခဲ့ကြပြီး သီရိကွင်းအတွင်းသို့ဝင်ရောက်ကာ အကြောလျှော့လေ့ကျင်းခန်းများဆောင်ရွက်၍ စုပေါင်းကိုယ်လက် ကြံခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂)တို့ကို ဆောင်ရွက်ခဲ့ကြသည်။
ယနေ့ စုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း စုပေါင်းဆောင်ရွက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခ၊ ကထိက၊ ဌာနမှူးများနှင့် ကျောင်းသား၊ကျောင်းသူများ၊ ဘားအံပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းသား၊ သင်တန်းသူများ၊ ဘားအံမြို့ပေါ်ရပ်ကွက်များရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ စုစုပေါင်းအင်အား ၂၅၅၀ ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြပြီး ဒီဇင်ဘာလ၏ အပတ်စဉ်စနေနေ့တိုင်း စုပေါင်း အားကစားလှုပ်ရှားမှုများကိုဆောင်ရွက်သွားမည်ဖြစ်သည်။
ဒီဇင်ဘာအားကစားလဖြစ်သည်နှင့်အညီ အများပြည်သူ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာလ အားကစားလှုပ်ရှားမှုအနေဖြင့် အများပြည်သူဆိုင်ရာနေရာ ( Public Area ) များတွင် တစ်ဦးတစ်ယောက်ချင်း အလိုက်သော်လည်းကောင်း၊ မိသားစုအလိုက်သော်လည်းကောင်း၊ အစုအဖွဲ့များအလိုက်သော်လည်းကောင်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း အစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်ကိုလည်း မြင်တွေ့ရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)