သဲကုန်း ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေး စီမံဆောင်ရွက်ထားရှိမှုများအား နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ ခရိုင်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်ငွေနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်စည်ပင်ခန်းမ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့အား မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအေးကျော်က မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် သဲကုန်း၊ ဆင်မြီးဆွဲ၊ အင်းမမြို့တို့ရှိ စည်ပင်သာယာဈေးများတွင် အတွင်း/ အပြင် သန့်ရှင်းသာယာသပ်ရပ်စေရေး စီမံဆောင်ရွက်ထားရှိမှုများ၊ လမ်းဘေးဝဲ ယာတစ်လျောက် အရိပ်ရသစ်ပင်များနှင့် ပန်းအလှအပင်များ စိုက်ပျိုးထားရှိမှုများ၊ အမှိုက်သရိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများ၊ မြို့တွင်းလမ်းများ ကောင်းမွန်စေရေး စီမံဆောင်ရွက်ထားရှိမှုများ၊ လမ်းဆိုင်းဘုတ်များနှင့် မြို့အဝင်အထွက် ဆိုင်းဘုတ်များ သစ်လွင်တောက်ပအောင် ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ မြို့တွင်းသာယာလှပစေရေး ကျိုးပမ်းဆောင်ရွက်ကြရန်၊ လမ်းများအဆင့်မှီ ကြံ့ခိုင်စေရေးနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုင်းသန်းအောင်နှင့် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံကာ ဆောင်းနေကြာသီးနှံ ရာသီချိန်အမီ အပြည့်အဝစိုက်ပျိုးပြီးစီးရေး ညှိနှိုင်းစည်းဝေး၍ ရွာထောင်ကုန်းကျေးရွာမှ တောင်သူဦးကျော်ရှင်း၏ ဆောင်းနေကြာ (၅)ဧက သီးသန့် အောင်မြင်နေမှုအခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဟန်အေးနှင့် သက်ဆိုင်ရာဌာနများမှ လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)