ငါးသိုင်းချောင်းမြို့၌ ဈေးဆိုင်များ သတ်မှတ်ချိန်အတွင်း စနစ်တကျဖွင့်လှစ်ရောင်းချရေး ကွင်းဆင်း စစ်ဆေး ဆောင်ရွက်

ငါးသိုင်းချောင်း   စက်တင်ဘာ   ၂၁

ဧရာဝတီတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသ ကြီးအတွင်းရှိဈေးများ တွင် စက်တင်ဘာလ ၂၁ ရက်နေ့မှအောက်တိုဘာလ ၁ ရက်နေ့အထိ အခြေခံ စားသောက်ကုန်နှင့် ဆေးဝါး ရောင်းချသည့်ဆိုင်များကို စျေးအတွင်း နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီ အထိ ဖွင့်လှစ်ရောင်းချစေပြီး ကျန်ဈေးဆိုင်ခန်းများကို ယာယီပိတ်သိမ်းထားရန်၊ မြို့တွင်းရှိ ပုဂ္ဂလိ ကဆိုင်ခန်းများ၊ အိမ်ဆိုင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းသက်သာဆိုင်ခန်းများ၊ စေတီပုထိုးများရှိ ဈေးဆိုင်များအစရှိသည့် စျေးဆိုင်များအားလုံးကို နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအထိသာ ဖွင့်လှစ်ရောင်းချရန်နှင့် ပုဂ္ဂလိကဆေးဝါးဆိုင်များကို နံနက် ၆ နာရီမှည ၈ နာရီအထိသာ ဖွင့်လှစ်ရောင်းချရန် ညွှန်ကြားချက်ထုတ်ပြန်ထားရှိသည်။

ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက မြို့စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးသန်းနှင့် စည်ပင်သာယာရေး ကော်မတီဝင်များ၊ စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်နှင့် ဝန်ထမ်းများက မြို့တွင်းရှိ ဗိုလ်ချုပ်လမ်းမကြီးနှင့်မြို့ပေါ် ရပ်ကွက်များရှိ ဈေးဆိုင်များအားလုံးသို့ သတ်မှတ်ချိန်အတိုင်း စနစ်တကျဖွင့်လှစ်ရေး၊ စစ်ဆေး ဆောင်ရွက်ခြင်းနှင့် စျေးဆိုင်အမျိုးအစားများအလိုက် ထုတ်ပြန်ထားသော ဖွင့်လှစ်ချိန်များကို လိုက်လံ အသိပေးဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို စက်တင်ဘာလ ၂၀ ရက်နေ့ ညပိုင်းနှင့် ၂၁ ရက်နေ့ နံနက်ပိုင်းက အချိန်နှင့်တစ်ပြေးညီ အများပြည်သူ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် ငါးသိုင်းချောင်းမြို့ နေရာအနှံ့အပြားတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေညာထားကြောင်း၊ လတ်တလော အခြေအနေတွင် သတ်မှတ်ချိန်အတိုင်း ဈေးဆိုင်များ စနစ်တကျ ဖွင့်လှစ်ရောင်းချရေးနှင့် ရောဂါကြိုတင် ကာကွယ်ရေးအတွက် စနစ်တကျလိုက်နာ ဆောင်ရွက်ရောင်းချခြင်း ရှိ/မရှိကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းစစ်ဆေးခြင်းအား ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်က ပြောကြား သည်။

စိုးမင်းဦး(ပြန်/ဆက်)