မြိတ်မြို့ အထက (၇) တွင် ကျောင်းသား/သူများဖြင့် ငလျင်ဘေးအန္တရာယ် သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်

မြိတ်   ဒီဇင်ဘာ  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝကြောင့်ဖြစ်သော ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပါက ဘေးကင်းလုံခြုံသောနေရာသို့ ပြောင်းရွေ့/ကယ်ဆယ်/ပို့ဆောင်နိုင်ရန်အတွက် မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဦးဆောင်၍ အထက(၇)၌ ယနေ့နံနက်ပိုင်းက ကျောင်းသား/သူများ၊ ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့၊ ကြက်ခြေနီနှင့် ပရဟိတအဖွဲ့များဖြင့် ငလျင်ဘေးအန္တရာယ်သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

“ငလျင်ဘေးအန္တရာယ်ဆိုတာ တခြားဘေးအန္တရာယ်လို ဘယ်အချိန်ဖြစ်မယ် ဘယ်အချိန်ကျ ရောက်မယ် ဆိုတာကို ကြိုတင်တွက်ဆလို့ မရတဲ့ဘေးဖြစ်တဲ့အတွက် ကျောင်းသား/ သူတွေအနေနဲ့ ငလျင်ဘေးဖြစ်ပေါ်လာတဲ့ အချိန်မှာ ဘယ်လိုကြိုတင်ကာကွယ်ပြင်ဆင် ရမယ်ဆိုတဲ့အချက်တွေကို ဇာတ်တိုက်လေ့ကျင့်တာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ခြင်းအားဖြင့် ကျောင်းသား/သူတွေအနေနဲ့ သဘာဝဘေးနဲ့ ရင်ဆိုင်ကြုံတွေရတဲ့အချိန်မှာ အတွေ့ အကြုံရှိပြီး တော့ ဘေးကင်းရာနေရာများကို သွားလာရာလမ်းကြောင်းများကို သိရှိပြီး သဘာဝဘေးမှ ကင်းဝေးနိုင် အောင် ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ပါတယ်”ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးဇေယျာစိုးက ပြောသည်။

ဇာတ်တိုက်လေ့ကျင့်ရာတွင် စာသင်ခန်းအတွင်း ဆရာမနှင့် ကျောင်းသား/သူများ ပညာသင် ကြားနေစဉ် ငလျင်အန္တရာယ် အချက်ပေးသံကြားသည်နှင့် စာသင်ခန်းအတွင်း ကျောင်းသား/ သူများမှ ဝပ်/ကာ/ကိုင် အနေအထားဖြင့် နေကြပြီး အတန်းပိုင်ဆရာမက ဦးဆောင်၍  ကျောင်းသား/သူများ မိမိတို့ကျောင်း လွယ်အိတ်များကို ခေါင်းပေါ်တွင် အကာအကွယ်ပုံစံတင်၍ သတ်မှတ်လမ်းကြောင်းအတိုင်းထွက်၍ ဘေးကင်းရာစုရပ်သို့သွားရောက် ခဲ့ကြပြီး  မသန်စွမ်း ကျောင်းသားအား Wheel Chair ဖြင့် တင်၍ အခြားကျောင်းသား နှစ်ဦး က စုရပ်ဆီသို့တွန်းခဲ့ ကာ စာသင်ခန်းများမှထွက်လာသည့် ကျောင်းသား/သူများစုရပ်သို့ရောက်ရှိချိန် အတန်းပိုင် ဆရာမများက အတန်းအလိုက် အားလုံးလူစစ်ပြီး ဆရာမက ကျောင်းသား/သူ(၃)ဦး ပျောက်နေ ကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့သို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားမှုအား သဏ္ဍန်တူ ဇာတ်တိုက်ခဲ့ကြသည်။

ထိုနောက် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ကာ ပျောက်ဆုံးနေသူ (၃)ဦးကို ရှာဖွေကယ်ဆယ်ခဲ့ကြပြီး ကြက်ခြေနီနှင့် လူမှုရေး အသင်းအဖွဲ့ ဝင်များက ကျောင်းသား/သူ(၃)ဦးကို စုရပ် အနီးသတ်မှတ်နေရာသို့ လူနာသယ်ဆောင်နည်းဖြင့် သယ်ယူခဲ့ပြီး ရှေးဦးပြုစုခြင်း၊ ခေါင်းထိခိုက်မိ၍ အရေးပေါ် ကုသရန်လိုအပ်သည့် ကျောင်းသားအား ဆေးရုံသို့ လူနာတင်ယာဉ်ဖြင့်ပို့ဆောင်ခြင်း စုရပ်မှကျောင်းသား/သူများအား  မိဘများထံ ပြန်လည်အပ်နှံခြင်း ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြိတ်ခရိုင် ဦးစီးမှူးက ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်မှု အစီအစဉ်များအား ရှင်းလင်းပြောကြားပြီး ကျောင်းသား/သူများ ဘေးလွှတ်ရာသို့ ပြောင်းရွေ့ထွက်ခွာခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းနှင့် ရှေးဦးပြုစုခြင်း ဇာတ်တိုက်လေ့ကျင့်မှုအား ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် ဌာနဆိုင်ရာ များက ကြည့်ရှုအားပေးခဲ့ကြပြီး ဒုတိုင်းမှူးက ကျောင်းသား/သူများအတွက် ဗလာစာအုပ်များ လှူဒါန်းပေး၍ ခရိုင်အုပ်ချုပ်ရေးမှူးက ကျောင်းအုပ်ဆရာမကြီးအား ငလျင်ဘေးအသိပညာပေး ပိုစတာအား ပေးအပ်ခဲ့ကြောင်းသိရသည်။

ခရိုင် ပြန်/ဆက်