ကန်ကြီးထောင့် စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု များပြားလာသဖြင့် တိုင်းဒေသကြီး အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထပ်မံထုတ်ပြန်သည့် ညွှန်ကြားချက်များကို ဈေးရောင်းချသူများသိရှိစေရန် ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အတွင်းသို့ အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်လိုက်သော ညွှန်ကြားချက်များတွင် စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၁ ရက် အထိ ဈေးများအတွင်းရှိ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းအရောင်းဆိုင်များ နေ့စဉ် နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း၌သာ ရောင်းချကြရန်နှင့် ကျန်သည့်ဆိုင်များ ယာယီပိတ်ထားရန်၊ လမ်းဘေးဈေးဆိုင်များ၊ အိမ်ဆိုင်များဖြစ်သည့် ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ စတိုးဆိုင်၊ ကုန်ခြောက်ဆိုင်၊ အိမ်ဆောက်ပစ္စည်း အရောင်း ဆိုင်၊ ပုဂ္ဂလိကအိမ်ဆိုင်များ၊ ဌာနဆိုင်ရာ သက်သာဈေးဆိုင်ခန်း များနှင့် ဘုရားဈေးဆိုင်ခန်းများ နေ့စဉ် နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း၌သာ ဖွင့်လှစ်ရောင်း ချသွားရန်နှင့် ပုဂ္ဂလိကဆေးဝါးအရောင်းဆိုင်များ နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီအထိသာ ဖွင့်လှစ်ရောင်းချရန် စသည့် ညွှန်ကြားချက်များကို အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် အဆိုပါညွှန်ကြားချက် များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေ များအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)