ဘားအံ ဒီဇင်ဘာ ၂
ကရင်ပြည်နယ်၊ နည်းပညာတက္ကသိုလ်(ဘားအံ)တွင် ကျောင်းသား/ကျောင်းသူ လူငယ်များဘက်စုံဖွံ့ဖြိုးရေးနှင့်ဗလငါးတန်ဖွံ့ဖြိုးရေး၊ စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးတက်စေရန်အတွက် ကရင်ပြည်နယ်၊ ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နည်းပညာ တက္ကသိုလ်(ဘားအံ) တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀အချိန်က နည်းပညာ တက္ကသိုလ် (ဘားအံ) ဘွဲ့နှင် းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာကရင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြည်နယ် ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်က ကျောင်း သားလူငယ် မောင်မယ်များအနေဖြင့် လူ့လောက တွင် စာတတ်ဖို့သာမက၊ ပညာတတ်ဖို့လိုကြောင်း၊ လူငယ်တွေဆိုတာ နိုင်ငံရဲ့အနာဂတ်ပါဘဲ၊ မြေအုတ်တို့ပြိုလေရာ ကျောက်ဆစ် ကျောက်သားများနဲ့ တည်ဆောက်ကြမယ်ဆိုသလိုအသက် အရွယ်ကြီးရင့်သူတွေ့ရဲ့နေရာတွေ့မှာ အစားထိုးဝင်ရောက်ပြီး နိုင်ငံတာဝန် ထမ်းဆောင်မဲ့သူတွေ၊ ပြည်သူလူထုအကျိုး ဆောင်ရွက်မဲ့သူတွေ ဖြစ်တဲ့အတွက် အသိဉာဏ်ပညာ ဗဟုသုတကြွယ်ဝဖို့လိုအပ်ကြောင်း လူငယ်စကားဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ်(ဘားအံ)မှ စတုတ္ထနှစ် ကျောင်းသား မောင်နေခန့်နိုင်က လူငယ်နှင့်ကိုယ်ကျင့်တရား၊ စတုတ္ထနှစ် ကျောင်းသူ မအိဖြူစိုးက လူငယ်နှင့် လူမှုဆက်ဆံရေး၊ နောက်ဆုံးနှစ် ကျောင်းသူ မစိုးမိုးအောင်က လူငယ်နှင့် ပညာရေး၊ စတုတ္ထနှစ် ကျောင်းသား မောင်မင်းသူအောင်က လူငယ်နှင့် အားကစား၊ တတိယနှစ်ကျောင်းသူ မဆုမြတ်နိုးကျော်က လူငယ်နှင့် အသက်မွေးဝမ်းကြောင်း၊ ပဥ္စမနှစ် ကျောင်းသူ မအေး မြတ်သင်းက လူငယ်နှင့်အိုင်တီ နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး ဘားအံခရိုင် လက်ထောက် ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးနှင့် ကရင်ပြည်နယ် စာကြည့်တိုက် အဖွဲ့ဝင် ဦးသန်းအောင် (မောင်လူဝိုင်း) တို့ကModeratorအဖြစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ နည်းပညာတက္ကသိုလ်(ဘားအံ)မှ ကျောင်းအုပ်ဆရာကြီး ဒုတိယ ပါမောက္ခချုပ် ဒေါက်တာအောင်ဇော်လတ်၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘားအံခရိုင်(ပြန်/ဆက်)