အိမ်မဲ ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူဆေးရုံတွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့မှ စီစဥ်ဆောင်ရွက်သော အထူးကုဆရာဝန်ကြီးများမှ အခမဲ့ စမ်းသပ်ကုသပေးခြင်းကို ယနေ့နံနက် (၇)နာရီမှစတင်ကုသပေးလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
အိမ်မဲမြို့နယ်ပြည်သူ့ဆေးရုံတွင်အခမဲ့ကုသပေးသွားမည့်ရောဂါများမှာ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား နှာခေါင်း လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ သွားနှင့်ခံတွင်းရောဂါများကို သမားတော် (၂)ဦးနှင့်ဆရာဝန် (၈)ဦး နှင့်တာဝန်ရှိသူများက ကြည်ရှုစမ်းသပ်ကုသပေးလျက်ရှိရာ မြို့နယ်အတွင်းပြည်သူများကလာရောက်ဆေးကုသမှုခံယူလျက်ရှိသည်။
ဆေးကုသမှုခံယူနေသောပြည်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု၍အားပေးစကားများပြောကြားခဲ့သည်။
ဆက်လက်ပြီး အိမ်မဲမြို့နယ်ပြည်သူ့ဆေးရုံးဝန်းအတွင်း တည်ဆောက်လျက်ရှိသော မွေးခန်း၊ ခွဲစိတ်ခန်းအပါတိုးချဲ့ (၂)ထပ် ဆောင် (၉၇’×၆၀’) ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ယူ တည်ဆောက်ပေးသော ဧရာဝတီမိုရယ်ကုမ္ပဏီမှ တာဝန်ရှိသူများကရှင်းလင်းဖြေကြားပေးခဲ့သည်။
ချစ်သက်လယ်(အိမ်မဲ)