ရှမ်းရွာသစ် ဒီဇင်ဘာ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် အသက် ၂ နှစ် အောက် ကလေးငယ်များအား ကျန်းမာသန်စွမ်းရန်နှင့် ကူးစက်မှုရောဂါအန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်း တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက် (၂) နှစ်အောက်ကလေးငယ်များအား ဘီစီဂျီဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆုတ်ရောင်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့်ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေးများကိုလည်း တိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အသက်၂ နှစ်အာက် ကလေး ငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)