တောင်ငူ ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အမျိုးသမီးကော်မတီမှ ကြီးမှူး၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် GBV အသိပညာပေး အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက တောင်ငူမြို့ သူနာပြုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးက တောင်ငူမြို့နယ်၌ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးနိုင်မည့် (One Stop Women Support Centre -OSWSC) လုံခြုံရေး နားခိုရာနေရာ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျား/ မ အခြေပြု အကြမ်းဖက်မှုပပျောက်ရေး ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ ပြည်သူတစ်ရပ်လုံး စိတ်ရောကိုယ်ပါတက်ကြွစွာ ပူးပေါင်းစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နီနီရွှေက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဇာခြည်အောင်က အကြမ်းဖက်မှုပပျောက်ရေးအတွက် ဆောင်ရွက်ချက်များကိုလည်းကောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့ ဒုတိယရဲမှူး ဦးကိုကိုနိုင်က လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဥပဒေရေးရာကုစားရေးအဖွဲ့ တာဝန်ခံ ဒေါ်ဆွေဆွေဝင်းက အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ပေးရေး ဥပဒေဆိုင်ရာများကိုလည်းကောင်း အသိပညာပေး ဆွေးနွေးကြသည်။
အဆိုပါ အသိပညာပေး အစီအစဉ်သို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား သင်တန်းသူများ စုစုပေါင်း ဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်