လိပ်သို ဒီဇင်ဘာ ၂
ကလေးငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့် အထွေထွေဗဟုသုတများကို မျှဝေသုံးစွဲတတ်စေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်သံ ကျွမ်းကျင်-၃ ဦးစောဝေါ်ကွောထူးက စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတ ကြွယ်၀နိုင်ကြောင်းနှင့် မိမိသိရှိထားသည့် အသိပညာဗဟုသုတများကို မှန်ကန်သော အတွေး အခေါ်များနှင့် ပေါင်းစပ်၍ မိမိတို့၏ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် ပြန်လည်မျှဝေ အသုံးပြုခြင်းဖြင့် လူမှုအသိုင်းအဝိုင်းတစ်ခု တည်ဆောက်နိုင်မှာဖြစ်ကြောင်း ဦးစွာဟောပြော ဆွေးနွေးသည်။
ယင်းနောက် စာကြည့်တိုက်သို့ ပုံမှန်လာရောက်၍ စာအုပ်များငှါးရမ်းဖတ်ရှုလေ့ရှိသည့် စာပေဝါသနာရှင် မဇင်မာဝင်းက စာရေးဆရာ မိုးမြင့်မေ ရေးသားသည့် “တိမ်ခူးတမ်းကစား ရအောင်နှင့် ကလေးများအတွက် စကားလက်ဆောင်” စာအုပ်ပါ ဝတ္တုတိုများအနက်မှ ပွင့်တဲ့ပန်းတိုင်း လှစေချင်ဝတ္တုတိုအား ဖတ်ကြား၍ ဝတ္တုပါအကြောင်းအရာများကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)