ထားဝယ် ဒီဇင်ဘာ ၂
“အားလုံးပါဝင်ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင်အဖြေရှာစို့” အားလုံးလက်လှမ်းမီ ညီမျှရေးတီထွင် ဖန်တီးမှုစွမ်းအားဖြင့် ဆောင်ရွက်ပေးဟူသည့် ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး လူငယ် ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများတွင် မသန်စွမ်းအမျိုးသားသံလုံးပစ်ပြိုင်ပွဲတွင် (၁၄) ဦး၊ သံပြားပစ်ပြိုင်ပွဲတွင် (၁၅) ဦး၊ လှံတံပစ်ပြိုင်ပွဲတွင် (၁၅) ဦး တို့ကပျော်ရွှင်စွာဖြင့် ပါဝင်ယှဉ်ခဲ့ကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစား ဝါသနာရှင်များကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)