ကော့သောင်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြော ပွဲကျင်းပ

ကော့သောင်း ဒီဇင်ဘာ ၂

ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အခြေခံပညာဦးစီးဌနနှင့် အားကစားနှင့်ကာယပညာဦးစီးဌနတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲတစ်ရပ်ကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့ ခရိုင်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးသိမ့်က ကျောင်းသား၊ ကျောင်းသူများအား ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာရပ်အမျိုးမျိုးကို လူငယ်ဘဝ ပညာသင်အရွယ်မှစ၍ ရည်မှန်းချက်ထားရှိပြီး ကြိုးစားသင့်ပုံ၊ စာတတ်ဖို့သာမက မိမိတို့ ဘဝတစ်လျှောက် လူမှုကျင့်ဝတ်များနှင့်အညီနေထိုင်ကာ အကျင့်စာရိတ္တကောင်းမွန်သော လူငယ်များဖြစ်အောင် ပေါင်းသင်းဆက်ဆံသင့်ပုံများ၊ စည်းလုံးညီညွတ်မှုဖြင့် အောင်မြင်မှု ရရှိအောင် ကျိုးစားသင့်သည်များ အားအသိပညာပေးရှင်းလင်းဟောပြောသည်။

ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ယာယီမြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးက လူငယ်နှင့်ခေါင်းဆောင်မှုဆိုင်ရာသိကောင်းစရာများ၊ ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်လာအောင် ကျင့်ကြံနေထိုင် လိုက်နာသင့်သည်များ၊ နွေရာသီကျောင်းပိတ်ရက်ရှည် အတွင်း ဖွင့်လှစ်မည့် အားကစားသင်တန်းများနှင့် လူငယ်များအနေဖြင့် အားကစားထူးချွန်မှုဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး၊ ထူးချွန်အားကစားသမားကောင်းများ ပေါ်ထွက်လာရန် လူငယ်များ ပြုမှုလေ့ကျင့်ရမည့် နည်းစနစ်ဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)