ပွင့်ဖြူမြို့နယ်၌ မြို့အဝင်အထွက်နေရာများတွင် စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးမှုများ အရှိန် အဟုန်မြှင့်ဆောင်ရွက်

ပွင့်ဖြူ   စက်တင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်သွားနိုင်ရန် ရည်ရွယ်၍ မြို့အဝင် ၊ အထွက် နေရာများတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားရှိပြီး အခြား တိုင်းဒေသကြီး၊ မြို့နယ်များမှ ဝင်ရောက်လာသော ခရီးသွားပြည် သူများကို ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ နေ့/ည မပြတ် အရှိန်အဟုန်မြှင့်တင် ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်   ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံမှ သိရသည်။

မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး  မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထား ရှိပြီး မြို့နယ်အတွင်း ဝင်ရောက်လာသော ခရီးသွားပြည်သူများကို ၂၄ နာရီ စောင့်ကြည့်စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ စစ်ဆေးရေးဂိတ်များတွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းအောင၏ အနီးကပ်ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း ဖြတ်သန်းသွားလာသော မော်တော်ယာဉ် ၊ မော်တော်ဆိုင်ကယ် ၊ သုံးဘီးဆိုင်ကယ် အသုံးပြုသွားလာကြသော ခရီးသွားပြည်သူများကို ခရီးသွားထောက်ခံချက် ၊ ကျန်းမာရေးထောက်ခံချက်ပါရှိမှု ရှိ/မရှိ စစ်ဆေးမေးမြန်းခြင်း ၊ ခိုင်လုံသော အထောက်အထား ထောက်ခံချက်များ မပါရှိပါက လာသည့်နေရပ်သို့ ပြန်လည်စေလွှတ်ခြင်းနှင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာစေခြင်းတို့ကို စစ်ဆေးအသိပညာပေး ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ မော်တော်ယာဉ်များ ကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်းကို ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့ ပူးပေါင်းအဖွဲ့က မြို့အဝင်၊ အထွက် စစ်ဆေးရေးဂိတ်များတွင် ၂၄ နာရီ နေ့/ည မပြတ် ကြပ်မတ်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဉက္ကဌ ဦးထွန်းသိန်းအောင် ထံက သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး )