တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးသိန်းလင်း ဆေးရုံသုံးပစ္စည်းများလှူဒါန်းပွဲသို့ တက်ရောက်ချီးမြှင့်

ကော့သောင်း ဒီဇင်ဘာ ၂

ကော့သောင်းမြို့၊ Grand Andaman Hotel မှ ကော့သောင်းခရိုင်ကုတင် (၁၀၀) ပြည်သူ့ဆေးရုံကြီးသို့ ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အစီအစဉ်တစ်ရပ်ကို ယနေ့နံနက် (၁၀) နာရီက ကော့သောင်းခရိုင်၊ ကုတင် (၁၀၀) ပြည်သူ့ဆေးရုံကြီး အစည်း အဝေးခန်းမတွင် ပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးသိန်းလင်း တက်ရောက်ချီးမြှင့်သည်။

ရှေ့ဦးစွာဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က ဆေးရုံသုံးပစ္စည်းများလှူဒါန်းမှုနှင့် ပတ်သက်၍ အလှူရှင်အား ဒေသခံပြည်သူများ ကျန်းမာရေးကိစ္စရပ်များတွင် အသုံးပြုနိုင်ရန် ပြည်သူများကိုယ်စား လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားပြောကြားသည်။

လှူဒါန်းရာတွင် ကော့သောင်းမြို့၊ Grand Andaman Hotel ပိုင်ရှင် ဦးကျော်လွင်မှ ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသည့် တီဗွီဓာတ်မှန်ရိုက်ကူးမှု လုပ်ငန်းသုံး စက်ကရိယာပစ္စည်းများ၊ မျက်စိကုသမှုဆိုင်ရာ လုပ်ငန်းသုံး စက်ပစ္စည်းများနှင့် ဓာတ်ခွဲခန်းသုံး စက်ကရိယာပစ္စည်းကရိယာများ တန်ဖိုး (၃၉၆၆၀၀၀၀) ကျပ်အား ကော့သောင်းခရိုင်၊ ကုတင် (၁၀၀) ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်ထံသို့ လွဲပြောင်းပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။

ကျော်စိုး(ကော့သောင်း)