ကြို့ပင်ကောက်မြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးကဏ္ဍအနေဖြင့် နွေစပါးဧက ၃၃၀၀ စိုက်ပျိုးထုတ်လုပ်သွားမည်

ကြို့ပင်ကောက် ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးကဏ္ဍအနေဖြင့် နွေစပါးဧက ၃၃၀၀ စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၈ ရက်နေ့က မြို့နယ်အထွေထွေချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သော သီးနှံစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ကြို့ပင်ကောက်မြို့အတွင်း နွေစပါးစိုက်ဧက ၇၅၆၃ ဧကအတွင်းမှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တွင် ကြွေးမြီးမရှိသောတောင်သူများကိုသာ ရွေးချယ်ပြီး ဧကပေါင်း ၃၃၀၀ သာနိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးတစ်ဧကလျင် နှစ်သိန်းကျပ်နှုန်းထုတ်ချေးပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါနှစ်သိန်းကျပ်အား ငွေသားတချို့နှင့် စိုက်ပျိုးရေးသွင်းအားစုများ အနေဖြင့်ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး သီးနှံပေါ်ချိန်တွင် ကာလပေါက်ဈေး နှစ်သိန်းနှစ်ထောင်နှင့်ညီမျှသော သီးနှံကိုသာ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးထံမှ သိရသည်။

နိုင်ငံစီးပွားမြှင့်တင်ရေးကဏ္ဍအနေဖြင့် ဆောင်ရွက်သောနွေစပါး စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း အောင်မြင်စေရေးအတွက် မြို့နယ်ကြီးကြပ်ရေးကော်မတီများဖွဲ့စည်းကာ ကျေးရွာများအရောက် ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)