ကြို့ပင်ကောက်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံဆောင်းနေကြာ ၃၃၆၀ ဧက စိုက်ပျိုးပြီးစီး

ကြို့ပင်ကောက် ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင် ဒေသတွင်းစားသုံးဆီဖူလုံတိုးတက်လာစေရေးအတွက် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဆီထွက်သီးနှံနေကြာ(၃၃၆၀)ဧကအား တောင်သူများမှ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆောင်းနေကြာသီးသန့်စိုက်ဧက ၁၅၀ နှင့် ဆောင်းသီးနှံပဲခင်းများတွင် သီးညှပ်စိုက်ဧက ၃၂၁၀ ဧကအား ကျေးရွာအုပ်စု ၂၅ အုပ်စုတွင် တောင်သူ ၉၈၈ ဦးမှ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း တောင်သူများအား တစ်ဧကလျှင်နေကြာမျိုးစေ့တစ်အိပ်နှင့် ဓါတ်မြေဩဇာအိပ်တစ်ဝက်တို့ကို ရောင်းချပေးခဲ့ကြောင်း နေကြာစိုက်ပျိုးမည့်တောင်သူများကိုလည်း စိုက်ပျိုးချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သက်ဆိုင်ရာနယ်မြေတာဝန်ခံဝန်ထမ်းများက ကွင်းထဲအရောက် စိုက်ပျိုးရေးနည်းပညာများ ပိုးမွှားကာကွယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဌေးကပြောသည်။

ကြို့ပင်ကောက်မြို့တွင် ဆီထွက်သီးနှံဆောင်းနေကြာအား ဧကပေါင်း ၃၇၀၁ ဧကစိုက်ပျိုးသွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)