ဇီးကုန်း ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့်ဆောင်ရွက်သည့် ဘုရားကြီးကုန်းကျေးရွာအုပ်စု ပေါင်ကြီးကျေးရွာ မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ဇောနှင့်မီးလင်းရေးကော်မတီဝင်များ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကျေးရွာမီးလင်းရေးကော်မတီမှ လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျေးရွာမီးလင်းရေးကော်မတီတို့က ကျေးရွာတွင်းမီးလင်းရေးဆောင်ရွက် ပြီးစီးမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပေါင်ကြီးကျေးရွာတွင် ကျေးရွာတွင်း 100 KVA ခွဲရုံတည်ဆောက်ခြင်းနှင့် 11KV ဓာတ်အားလိုင်း တည်ဆောက်ခြင်းကို မြစိမ်းရောင်အတိုးရရှိငွေ (၈၇)သိန်းကျပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ကျေးရွာရှိအိမ်ထောင်စု(၈၁)စုမှ မိသားစုဝင်များလျှပ်စစ်မီးကို သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)