ငဖဲမြို့နယ် သမဝါယမအသင်းစုလီမီတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင် ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပ

ငဖဲ  ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် သမဝါယမအသင်းစု၏ (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်နှင့် (၂၀၂၁-၂၀၂၂) မီနီဘတ်ဂျက် (၆)လတာ ကာလတို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ပွဲအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက အဆိုပါအသင်းစုရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်နိုင်နှင့် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတို့က အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးစံကျော်ဝင်းက သမဝါယမအသင်းစု၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ လမ်းညွှန်အမှာစကားပြောကြားသည်။

ဆက်လက်၍ ငဖဲမြို့နယ် သမဝါယမအသင်းစုအမှုဆောင်ဒါရိုက်တာအဖွဲ့ဝင် ဦးဝင်းဦးက အသင်းစု၏ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်နှင့်(၂၀၂၁-၂၀၂၂) မီနီဘတ်ဂျက်(၆)လ စုစုပေါင်း(၁၈)လအတွက် စာရင်းစစ်အစီရင် ခံစာကိုလည်းကောင်း၊ အသင်းစုစာရင်းစစ်အဖွဲ့ဝင် ဦးအောင်ကြည်က  မြို့နယ်သမဝါယမ အသင်းစု၏ (၁၈)လတာ လုပ်ငန်းဆောင်ရွက်မှုနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ သမဝါယမအသင်း စုအမှုဆောင် ဒါရိုက်တာအဖွဲ့ဝင် ဦးဝင်းဦးက ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေစာရင်း များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် အသင်းဝင်ကိုယ်စားလှယ်များမှ ဘဏ္ဍာရေးရှင်းတမ်းများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကြကာ အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံနှင့် ရှေ့လုပ်ငန်းစဉ်များ၊ စာရင်းစစ် ဆေးချက်အစီရင်ခံစာနှင့် အသားတင်အကျိုးငွေ ခွဲဝေမှုစာရင်းများကို အတည်ပြုချက်ရယူသည်။

ထို့နောက် ငဖဲမြို့နယ်သမဝါယမအသင်းစု၏ အမှုဆောင်အဖွဲ့နှင့် အသင်းစာရင်းစစ်များရွေးချယ်ပွဲကို ဆက်လက်ဆောင်ရွက်ရာ အမှုဆောင်အဖွဲ့ဝင်များရွေးချယ်၍ အတည်ပြုချက်ရယူခြင်း၊ တာဝန်ခွဲဝေသတ်မှတ်ခြင်း၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်သို့ စေလွှတ်မည့် အသင်းဝင်ကိုယ်စားလှယ် အမည်စာရင်းရွေးချယ်ခြင်းနှင့်အတည်ပြုခြင်း၊ ရွေးချယ်ခံရသည့် အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းစာရင်းစစ်များမှ ကတိသစ္စာခံယူ၍  ရွေးချယ်ခံရသည့် အသင်းစုဥက္ကဋ္ဌ ဦးအောင်ကြည် (ဆုံကုန်း ကျေးရွာ)မှ မြို့နယ်အသင်းစု၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားမည်ဖြစ်ပြီး အသင်းသားများကလည်း ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြရန် မိတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)