လက်ပံတန်းမြို့နယ်၌  အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်

လက်ပံတန်း ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သပြေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ ယနေ့နံနက် ၉နာရီက နယ်လှည့်စာကြည့်တိုက် အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်မည့်သူများဖြစ်သည့်အတွက် ဗလငါးတန်းပြည့်စုံစေရေး၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြရန်၊ လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ မျိုးချစ်စိတ် ရှင်သန်ရေးရှိကြစေရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ဟောပြောကာ၊ ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်နှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စုဝေနှင်းတို့က  ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံပြင်ပြောခြင်း၊ ကိုယ်လက်လှုပ်ရှား ဂိမ်းကစားခြင်းများ ဆောင်ရွက်ခဲ့ ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ မသန်စွမ်းသူများအခွင့်အရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ  ကြည့်ရှုခဲ့ကြောင်း သိရသည်။

မျိုးမင်းထွန်း (ပြန်/ဆက်)