ပေါက်ခေါင်း ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အထက(ပေါက်ခေါင်း)ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးကိုကိုနိုင်နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးတို့က အမှာစကားများ ပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကိုကိုနိုင်က ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများအကြောင်းကို အသိပညာပေးပြောကြားခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အသိပညာများတိုးတက်လာစေရန်၊ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲရှိ တတ်စေရန်နှင့် လူငယ်အချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားပြီး၊ ကျောင်းအုပ်ဆရာကြီး ဦးညွှန့်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က ဦးဆောင်မိတ်ဆက်ပေးပြီး၊ ဆွေးနွေးပွဲစတင် ကျင်းပခဲ့ရာ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် Grade-10(A)မှ မောင်းဘုန်းမြင့်မိုလ်က လည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် Grade-11(C)မှ မောင်ပြည့်ဖြိုးကျော်ကလည်းကောင်း၊ လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့် Grade9(B)မှ မောင်လျှမ်းထက်အောင်ကလည်းကောင်း၊ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် Grade-10(A)မှ မောင်ဇေယျာလင်းက လည်းကောင်း၊ လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် Grade-11 (C)မှ မဟေသီလွင်က လည်းကောင်း၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် Grade-11(A)မှ မောင်နိုင်လင်းအောင်က လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးပြောကြားမှု အကြောင်းအရာများအပေါ် သိရှိလိုသည့်မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူလေးများက မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)