ဂန့်ဂေါမြို့နယ်ရှိ မြစ်သာရေလှောင်တမံ ကန်ရေပြည့်အမှတ်ရောက်ရှိ

ဂန့်ဂေါ စက်တင်ဘာ ၂၁

ဂန့်ဂေါမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် မြစ်သာရေလှောင်တမံဘက်စုံစီမံကိန်း မြစ်သာ ရေလှောင်တမံတွင် ယနေ့နံနက် ၄ နာရီမှ စတင်ကာ ရေပိုလွှဲမှ ရေကျော်နေပြီဖြစ်ကြောင်း အဆိုပါ စီမံကိန်းမှ သိရသည်။

 “တမံက ရေကျော်ပြီဆိုတော့ တမံအောက်ဘက် မြစ်သာမြစ်ထဲမှာ ရေတိုးလာမှာဖြစ်လို့ မြစ်ကမ်းဘေးကမိတ်ဆွေများအနေနဲ့ သတိရှိနိုင်ဖို့ အသိပေးထားပါတယ်၊ ဒီနှစ်မိုးနည်းလို့ ရေလိုနေကြတဲ့ ဦးကြီးများအတွက်တော့ ရေတင်လို့လွယ်ကူသွားမှာဖြစ်ပါတယ်၊ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆည်မြောင်းဝန်ထမ်းများက အစဉ်စောင့်ရှောက်ပေးနေပါတယ်” ဟု မြစ်သာရေလှောင်တမံ ဘက်စုံစီမံကိန်း လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်စိုး က ပြော သည်။

မြစ်သာမြစ်မှာ ချင်းပြည်နယ်မှ မြစ်ဖျားခံစီးဆင်းလာသည့်မြစ်ဖြစ်ရာ ယမန်နေ့က ချင်းပြည်နယ် မတူပီ မြို့ နယ်တွင် မိုးရေချိန်လက်မ ၀ ဒသမ ၂ လက်မ၊ မင်းတပ်မြို့နယ်တွင် မိုးရေချိန်လက်မ ၁ ဒသမ ၃၈ လက်မ အသီးသီး ရွာသွန်းကြောင်း နှင့် အဆိုပါမိုးကြောင့် မြစ်သာတမံကို ရေပြည့်စေခဲ့ကြောင်းနှင့် ယမန်နှစ်ကထက် တစ်လခန့်နောက်ကျပြီးမှ ရေပြည့်ကြောင်း သိရသည်။

တောင်သားမောင်သန်း