မြို့သစ်တွင် ငရုတ်သီးစိမ်းစျေးနှုန်းများ မြင့်တက်နေသော်လည်း ဝယ်ယူစားသုံးသူများပုံမှန်ရှိ

မြို့သစ် ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ငရုတ်သီးစိမ်းစျေးများ အနည်းငယ်မြင့်တက်လာသော်လည်း စားသုံးသူများ ပုံမှန်ဝယ်ယူစားသုံးလျက်ရှိကြောင်း သိရသည်။

"ထမင်းစားရင်အစပ်မပါတော့ ထမင်းစားမဝင်ဘူး၊ အစပ်ပါမှပဲထမင်းစားကောင်းတယ်၊ ပီနံသီးလည်းသိပ်မစားရဲဘူး၊ ငရုတ်သီးစိမ်းလေးကို ခရမ်းချဉ်သီးနဲ့ ပုဇွန်ပွခြောက်မှုန်လေးနဲ့ ရောချက်လိုက်ရင် အရသာရှိတဲ့ဟင်းတစ်ခွက်တော့ ဖြစ်သွားတာပေါ့" ဟု ငရုတ်သီးစိမ်းဝယ်သူတစ်ဦးကပြောသည်။

မြို့သစ်မြို့နယ်တွင် ငရုတ်သီးစိမ်းကို ဒေသခံပြည်သူများ ရာသီမရွေးစားသုံးကြပြီး မိသားစုဝင်ငွေ တိုးပွားစေရန်စိုက်ပျိုးသူများက တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချလျက်ရှိသည်။ လက်ရှိဈေးကွက်အတွင်း ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၄၅၀၀)ကျပ် စျေးရောင်းချနေရပြီး စားသုံးသူများ ဝယ်ယူစားသုံးလျက်ရှိကြောင်း၊ ငရုတ်သီးစိမ်းများ ဈေးကွက်အတွင်း ဝင်ရောက်မှု နည်းလာသည့်အတွက် ဈေးနှုန်းများအနည်းငယ် မြင့်တက်လာရခြင်းဖြစ်နိုင်ကြောင်း ငရုတ်သီးစိုက်ပျိုးရောင်းချနေသူ တစ်ဦးက ပြောပြ၍ သိရသည်။

ငရုတ်သီးစိမ်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ ယခင်ကငရုတ်သီးစိမ်းများကို မိုးကာလအတွင်း၌သာ စိုက်ပျိုးကြပြီး ယခုငရုတ်သီး စိမ်းစိုက်ပျိုးမှုကို မြေအောက်ရေအသုံးပြုကာ ရာသီမရွေးစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင်နွေရာသီအတွက် ငရုတ်သီးစိမ်း ထုတ်လုပ်ရောင်းချနိုင်ရေး တစ်ပိုင်တစ်နိုင် စိုက်ပျိုးဆောင်ရွက်ထားပြီး ငရုတ်ပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခုနှစ်မှာမျိုးစေ့၊ပျိုးပင်း၊ စက်သုံးဆီဈေး၊ မြေဩဇာဈေးမြင့်တက်မှုများရှိသည့်အတွက် ယခင်စိုက်ပျိုးမှုများထက် သွင်းအားစု စရိတ်ပိုကြောင်း၊ ယခင်ကငရုတ်သီးစိမ်းစျေးတစ်ပိဿာ (၁၅၀၀/၂၀၀၀)ကျပ် စျေးရောင်းချခဲ့ပြီး ယခုအခါငရုတ်သီးစိမ်းစျေးများ (၄၅၀၀)ကျပ် စျေးရောင်းချလာရသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေနိုင်ကြောင်း ငရုတ်စိုက်ပျိုးရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

သန်းဝင်းထွန်း( ပြန်ဆက်)