မြဝတီ ဒီဇင်ဘာ ၂
ကရင်ပြည်နယ်မြဝတီမြို့၏ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေမြင်းဝန်စေတီတော် ဂေါပကရုံးခန်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားရာတွင် ရွှေသင်္ကန်း ကပ်လှူပူဇော်ရာ၌ စစ်မှန်၍အရည်အသွေး ပြည့်ဝသောရွှေစင်၊ရွှေသားများ ရရှိနိုင်ရေးနှင့်မှန်ကန်သောဆောင်ရွက်ချက်များဖြင့် အတိ အကျ ဆောင်ရွက်ကြစေလိုကြောင်းပြောကြားပေးသည်။
ထို့နောက် မြဝတီမြို့စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တင်ဒါခေါ်ယူရခြင်းစည်းကမ်းသတ်မှတ်ချက်များအား ရှင်းလင်းပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အိတ်ဖွင့်တင်ဒါကို ကိုယ်စားလှယ် ၅ ဦးတို့အားစာအိတ်များအတွင်း မိမိတို့လုပ်ကိုင်နိုင်မည့် ဈေးအားစာအိတ်အတွင်း ဈေးပြိုင်စနစ်ယှဉ်ပြိုင်ခြင်းဖြင့်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဈေးပြိုင်စနစ်ဖြင့် ယှဉ်ပြိုင်ကြရာတွင် မန္တလေးမြို့နေစွယ်တော်ဦးရွှေဆိုင်းနှင့် ရွှေသင်္ကန်းလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးတင်ကိုကိုလတ်က အိတ်ဖွင့်တင်ဒါလေလံအား ငွေကျပ် သိန်းပေါင်း ၂၈၄၀၀၀၀၀၀ ဖြင့် တင်ဒါအောင်မြင်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြဝတီခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးတင့် နှင့်ခရိုင်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် မြို့နယ်ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)