လက်ပံတန်းမူလတန်းကြိုကျောင်း၌ ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

လက်ပံတန်း ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်များ ကာယ ဉာဏနှင့် စာရိတ္တပိုင်းဆိုင်ရာဖွံ့ဖြိုးစေရန်၊ အသက်အရွယ်အလိုက် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အုပ်စုဖွဲ့၍ အတူလုပ်ကိုင်ခြင်းဖြင့် စိတ်ပျော်ရွှင်မှုရရှိစေရန်၊ မိမိကိုယ်ကိုယုံကြည်မှုရှိစေရန်၊ မိဘဆရာများပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရင်သွေးငယ်များအား နည်းလမ်းမှန်စွာပြုစုစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ခုနှစ်အတွက် ကျောင်းတွင်းကာယစွမ်းရည်ပြိင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၂ ရက် နံနက် ၇နာရီက အဆိုပါမူကြိုကျောင်းတွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲအခမ်းအနားတွင် လက်ပံတန်းမူလတန်းကြိုကျောင်းမှ အငယ်ဆင့် သားငယ်၊ သမီးငယ်လေးများ၏ ရိုးရိုးအပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အရောင်ရွေးပြိုင်ပွဲ၊ အံသွင်းပြိုင်ပွဲနှင့် အလှပြင်ပြိုင်ပွဲ အကြီးဆင့်သားငယ် သမီးငယ်လေးများ၏ ရိုးရိုးအပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ပူဖောင်းသယ်ပြိုင်ပွဲ၊ ရေးဘူးဖြည့်ပြိုင်ပွဲနှင့် အင်္ကျီဝတ်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရရှိသည့် သားငယ်သမီးငယ်လေးများနှင့် ပြိုင်ပွဲဝင် သားငယ်၊ သမီးငယ်ကလေးများအား တာဝန်ရှိသူများက ပထမ၊ဒုတိယ၊တတိယနှင့် အထူးဆုများအပါအဝင် ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအားကစားပြိုင်ပွဲသို့ သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီထွန်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ညိုနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိဘဆရာအသင်းဝင်များ၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မျိုးမင်းထွန်း (ပြန်/ဆက်)