ကံမမြို့နယ်၌ မြေပြင်လူဦးရေစာရင်းနှင့် ပုံစံ(၆၆/၆)ရှိ စာရင်းအား မြေပြင်တွင် တိုက်ဆိုင်စစ်ဆေးပေးမည့်လုပ်ငန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကံမ ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဖွင့်လှစ်သည့် မြေပြင်လူဦးရေစာရင်းနှင့် ပုံစံ(၆၆/၆)ရှိ စာရင်းအား မြေပြင်တွင်  တိုက်ဆိုင်စစ်ဆေးပေးမည့်လုပ်ငန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့် ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီးနောက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဦးတင်အောင်ဝင်း မြေပြင်တိုက်ဆိုင်စစ်ဆေးမည့် လုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းအား ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းသို့ မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများမှ စာရေးဝန်ထမ်းများ၊ ကျန်းမာရေးဌာနနှင့် ပညာရေးဌာနတို့မှ ဆရာ၊ ဆရာမများ ပါဝင်သော စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)