ကန့်ဘလူ ဒီဇင်ဘာ ၂
ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက် ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ကန့်ဘလူမြို့နယ် စည်ပင်သာယာခန်းမ၌ ယနေ့နံနက် ၇ နာရီက စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စားသောက်ကုန်များကို ရောင်းချရာတွင် အိမ်ထောင်စုတစ်စုအတွက် ဆန်တစ်ပြည်၊ ဆီ (၁၀) ကျပ်သား၊ ငါးခြောက် (၁၀) ကျပ်သားနှင့် ကြက်ဥငါးလုံးစသည့် ပစ္စည်းလေးမျိုးတို့ကို ၃၀၀၀ ကျပ်ဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ရာ လာရောက်ဝယ်ယူ သူများကလည်း စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ခဲ့၍ ဝမ်းသာပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များ ရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးဘုန်းထက်နိုင်မြင့် ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြီးကြပ်၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါခန်းမ၌ အခြေခံစားသောက်ကုန်များ လာရောက်ဝယ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများကိုလည်း ခုတင်၁၀၀ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့် ကျန်းမာရေးဝန်ထမ်းများက လူနာရှင်၏ရောဂါအလိုက် ကုသပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)