ပွင့်ဖြူ ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ မိုးစပါးသီးနှံ စံပြကွက်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်၊ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာ တောင်သူဦးစိုးနိုင်၏ ကွင်းအမှတ်(၉၅၂)ရှိ ဧရာမင်း မိုးစပါး စံပြကွက်စိုက်ခင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဒေသခံတောင်သူများ၊ စုစုပေါင်း ၈၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာ တောင်သူ ဦးစိုးနိုင် ၏ ကွင်းအမှတ် (၉၅၂)၊ ဦးပိုင်အမှတ် ၇၄ / ၁၃၉ ရှိ ဧရာမင်း မိုးစပါးစိုက်ဧက (၅)ဧက အား စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက ပျှမ်းမျှ အစိုတင်း ၈၇ ဒသမ ၈၉ တင်းနှင့် အခြောက်တင်း ၈၃ ဒသမ ၅၀ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)