မြိတ်မြို့တွင် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အထောက်အကူဖြစ်စေရန်  အရန်သားဖွား(၆)လသင်တန်း ဖွင့်လှစ်

မြိတ်   ဒီဇင်ဘာ  ၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အထောက်အကူဖြစ်စေရန်နှင့် စေတနာ့ ဝန် ထမ်း ကျန်းမာရေးလုပ်သားများဖြစ်သော အရန်သားဖွားဆရာမများကို မွေးထုတ်ပေးနိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ကြီးမှူး၍ အရန်သားဖွား(၆)လသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မြိတ်မြို့သားဖွား သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာက အရန်သားဖွားဆရာမများသည် မိမိဒေသ၊ ရပ်ရွာအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား စောင့်ရှောက်မှုပေးခြင်း၊ မီးဖွားပေးခြင်းအပါအဝင် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာလုပ်ငန်းများ တိုးတက်အောင်မြင်စေရန် ပံ့ပိုးကူညီနိုင်သည့် အခြေခံအုတ်မြစ်များဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားသည်။

 ထို့နောက် မြိတ်ခရိုင်ကုသရေးဦးစီးဌာနမှူးဒေါက်တာသန္တာမျိုးဝင်းကသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့် အရန်သားဖွားဆရာမများ၏ တာဝန်တတ္တရားများကို ရှင်းလင်းပြောကြားပြီး မြိတ်မြို့ သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ဒေါ်ယုယုမော်က သင်ကြားရေး အစီအစဉ်များရှင်းလင်းတင်ပြ၍ သင်တန်းသူများမှ တစ်ဦးချင်းမိတ်ဆက်ကြသည်။ အဆိုပါသင်တန်းကို မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များမှ အမျိုးသမီးငယ် (၄၁)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၆)လဖြစ်ကြောင်း သင်တန်းကျောင်းမှ သိရသည်။

ကျေးလက်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်ရေး လွှမ်းခြုံမှုလိုအပ်ချက်များ၊  ရေမြေတောတောင်သဘာဝအတားအဆီးများကြောင့် ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမမှီနိုင် သော ကိုယ်ဝန်ဆောင်မိခင်များအတွက် ဘေးအန္တရာယ်ကင်းသော မွေးဖွားခြင်း၊ မွေးဖွားပြီး စောင့်ရှောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန်နှင့် ကျေးလက်ဒေသများတွင် ပြည်သူလူထုအကျိုးပြုနိုင်ရန် အရန်သားဖွားများကို အခုလိုလေ့ကျင့် သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

အရန်သားဖွားသင်တန်းသူများအား သင်တန်းကာလ(၆)လတွင် စာတွေ့၊လက်တွေ့ပေါင်းစပ်သင်ကြားမှု အနေဖြင့်(၃)လဖြစ်၍ ကျေးလက်ကျန်းမာရေးဌာနများ၌ (၃)လကွင်းဆင်းလေ့လာ သင်ကြားကြရမည်ဖြစ်ကြောင်း၊ သင်တန်းသူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ဝေထားသည့် အရန်သားဖွားဆရာမ လက်စွဲစာအုပ်ပါ သင်ခန်းစာများကို မြိတ်ပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးနှင့် သင်တန်းနည်းပြများက စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီးသင်တန်းကာလပြီးမြောက်ပါကရေးဖြေ/နုတ်ဖြေ စာမေး ပွဲဖြေဆိုကြရမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)