လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် စကားဝိုင်းပြုလုပ်

ဘားအံ ဒီဇင်ဘာ ၂

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းသား/သူ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူ‌ပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) က ဘားအံမြို့ အ-ထ-က(၄) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ အ-ထ-က (၄) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာလာထွန်းအုန်းက  အဖွင့်အမှာစကားပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စကား ဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်လာစေရေးအတွက် လူငယ်စကားဝိုင်းများကို ပြုလုပ်ရခြင်းဖြစ်ကြောင်းလူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ အ-ထ-က (၄) ကျောင်း၊ Grade-11 မှ မမြတ်ဆုချယ်သင်းက လူငယ်နှင့် ဇွဲခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ-ထ-က (၄) ကျောင်း၊ Grade-11 မှ မနေခြည်ဝင်းက လူငယ်နှင့် အနာဂတ်စီမံကိန်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ အ-ထ-က (၄) ကျောင်း၊ Grade-11 မှ နန်းအိမ်စည်ကျော်က  လူငယ်နှင့်ဘဝတန်ဖိုးခေါင်းစဉ်ဖြင့် လည်းကောင်း၊ အ-ထ-က (၄) ကျောင်း၊ Grade-11 မှ စောနိုင်လင်းထွန်းက လူငယ်နှင့် အခွင့်အလမ်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ အ-ထ-က(၄)ကျောင်း၊ Grade-11 မှ မောင်မြင့်မြတ်ဦးက လူငယ်နှင့် အောင်မြင်မှုပန်းတိုင် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးသန်းအောင် (မောင်လူဝိုင်း) က Moderator အဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စကားဝိုင်းတွင် အ-ထ-က (၄) ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ များနှင့် တာဝန်ရှိသူများက တက်ရောက်၍ သိရှိလိုသည်များ ဆွေးနွေး မေးမြန်းခဲ့ကြောင်း သိရှိရ သည်။

ခရိုင်(ပြန်/ဆက်)