နတ်မောက်မြို့နယ် န/လက်ခုပ်ပင်ကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် ဗမာကြက်မွေးမြူ

နတ်မောက် ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် န/လက်ခုပ်ပင်ကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် ဗမာကြက် မွေးမြူလျက်ရှိသည်။

“ကျွန်တော့်အနေနဲ့ ဗမာကြက်အကောင်ရေ (၃၀)ကျော် မွေးမြူထားပါတယ်၊ ဗမာကြက်မွေးမြူတာကတော့ အသားတိုးကြက်(CP)ကြက်လိုတော့ ခြံအကျယ် ဆောက်စရာမလိုပါဘူး၊ အစာအနေကလည်း စျေးကြီးပေး ဝယ်စရာမလိုပါဘူး၊ ဗမာကြက်များကို မနက်တစ်ကြိမ်လောက်ဘဲ မိသားစုစားတဲ့ဆန်၊ ပြောင်းစေ့၊ ပြောင်းဖူးစေ့၊ ဆန်ကွဲစတဲ့ အစားအစာတွေကို ကျွေးရပါတယ်၊ ရေခွက်လေးချပေးထားပါတယ်၊  ခုမွေးမြူထား တဲ့ကြက်များထဲမှာ တိုက်ကြက်ဖတွေလည်း ပါပါတယ်၊ တိုက်ကြက်ဖများကိုတော့ တစ်ကောင်ကို အနည်းဆုံး စျေးအနေနဲ့ ၃၀၀၀၀ ရပါတယ်၊ တိုက်ကြက်ဖရဲ့ ခြေစွမ်းပေါ်မူတည်ပြီး စျေးကောင်းရပါတယ်၊ ခုဆိုရင် အသားတိုးကြက်(CP)ကြက်သားတစ်ပိဿကို (၁၄၀၀၀)ပေးဝယ်ကြရပါတယ်၊ ဗမာကြက်တစ်ပိဿကို ရွာမှာရောင်းရတာကတော့ (၈၀၀၀)ပဲ ရောင်းရပါတယ်၊ ဟင်းစားအနေနဲ့ ရွာမှာဆိုတော့ မြို့ပေါ်တက်ပြီးလည်း အသားတိုးကြက် (CP)ကြက်မဝယ်တော့ဘဲ အိမ်မွေးဗမာကြက်ဘဲ စားပါတယ်၊ တိုက်ကြက်ဖအတွက် စျေးကောင်းရသလို မိသားစုဟင်းစားအတွက်လည်း မပူရတာပေါ့ဗျာ”ဟု   န/လက်ခုပ်ပင်ကျေးရွာမှ ဗမာကြက်မွေးမြူသူ ကိုစိုးက ပြောသည်။

မူမူစန်း