ထားဝယ်မြို့တွင် ဦးစီးဌာန (၃)ခုပူးပေါင်၍ (Quick -Win Project)ဖြင့် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ထားဝယ်   ဒီဇင်ဘာ  ၂

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင်ကျောင်းသား/သူများအား ကလေးသူငယ်အခွင့်အရေးများ၊ မူးယစ်ဆေးနှင့် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်း အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ကလေးသူငယ်အခွင့်ရေးကို ကလေးများကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်ကို  မိမိကိုယ်တိုင်ကာကွယ်နိုင်ရန်၊ ကလေးသူငယ်အခွင့်ရေးများရှိသလိုကလေး များလိုက်နာရမည့်ကျင့်ဝတ်၊ စည်းကမ်းများကိုလည်း သိရှိလိုက်နာတက်ရန်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအရာများကို သိရှိစေရန်နှင့် ကြိုတင် ကာကွယ်ရှောင်ရှားတတ်စေရန် ရည်ရွယ်ချက်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဟောပြောပွဲ ကျင်းပရခြင်း ဖြစ်ကြောင်းသိရသည်။

ဟောပြောပွဲတွင် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွေးနွေးစိုးက ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ်ခေါင်းစဉ်ဖြင့် သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်များ၊ လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များ၊ လိုက်နာဆောင်ရွက်ရန်/သတိပြုရန်/ရှောင်ရှားရန်အချက်များအား ရှင်းလင်း ဆွေးနွေးဟော ပြောခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးသက်ပိုင်က ကလေးသူငယ် အခွင့်အရေး ကိုယ်တိုင် သိရှိနားလည်ရေးခေါင်းစဉ်ဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများ၊ ကလေးသူငယ်အခွင့်အရေး (၄) ရပ်၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ခြင်း၊ ကလေးများလိုက်နာ ဆောင်ရွက်သင့်သည်အကြောင်းအရာများအားလည်းကောင်း ပြန်လည်ထူထောင်ရေးဦးစီး ဌာနတာဝန်ခံ ဦးဝေဟင်စိုးက မူးယစ်အန္တရာယ် လူ့ရန်စွယ်ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းသိကောင်းစရာများအားလည်းကောင်းဟောပြောခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား/သူများက သိရှိလိုသည်များကိုမေးမြန်းရာတာဝန်ရှိသူများ ကပြန်လည်ဖြေကြားပြီး ကျောင်းအုပ်ဆရာမကြီးထံအသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများနှင့် ကိုဗစ်(၁၉)ရောဂါ ကာကွယ်နိုင်ရေးအတွက်လက်သန့်ဆေးရည် (၁၀)ဗူးပါအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)