မိုးညိုမြို့တွင် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မိုးညို ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အလကမယင်းငယ်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးဟန်က ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်  စာဖတ်ခြင်းကြောင့်ရရှိနိုင်သော အကျိုးကျေးဇူးများကို ပြောကြားပြီး  ကျောင်းသား ကျောင်းသူလေးများကို ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်စေခြင်း၊ ရုံးအကူ ဒေါ်သုန်နဒီကရုပ်ပုံစာအုပ်ဖြင့် ပုံပြောခြင်းစသည့် အသိပညာပေးခြင်းများ ဝန်ဆောင်မှုပေးပြီး စာအုပ်စာစောင်များ ဖတ်ရှုစေခြင်း သုံးဘီးရွှေ့လျားယာဉ်တွင်ပြသထားသော စာအုပ်များအား ဖတ်ရှုစေခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးရာတွင် ကျောင်းသား ကျောင်းသူများအား ရုပ်ပြစာအုပ်များ ဖတ်ရှုစေခြင်းအပြင် နံရံကပ်စာစောင်များကိုလည်း ပြသပေးခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)