ပေါင်းတည်မြို့တွင် ရောဂါဖြစ်ပွားရာဒေသများမှ နေရပ်သို့ ပြန်ရောက်လာသူများ၏ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ် sawb ဓာတ်ခွဲနမူနာရယူခြင်းများ ဆောင်ရွက်

ပေါင်းတည် စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိင်ရေးအတွက် ပြည်ပပြန်များနှင့် ရောဂါဖြစ်ပွားရာ ဒေသအသီးသီးမှ ပြန်ရောက်လာသူများထားရှိသည့် စင်တာများသို့ မြို့နယ်ပြည်သူ့ကျန်းမားရေး ဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂)ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက သွားရောက်၍ စောင့်ကြပ်ကြည့်ရှုစင်တာများရှိ အသွားအလာ ကန့်သတ်သီးခြားထားရှိသူများ၏ နှာခေါင်းတို့ဖတ်အာခေါင်တို့ဖတ် ရယူခြင်းကို ညနေပိုင်းအထိ ဆောင်ရွက်ခဲ့ရာ အဆိုပါဝန်ထမ်းများအနေဖြင့် ရောဂါကူးဆက်မှု မဖြစ်ပေါ်စေရေးအတွက် အလေးထားဂရုစိုက်ကာ စနစ်တကျ ရယူခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂)ဝန်ထမ်းအဖွဲ့(၄)ဖွဲ့ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာမျိုးမင်း၏ ကြီးကြပ်မှုမြို့နယ်ပြည်သူ့ဆေးရုံ ဓာတ်ခွဲမှူး ဦးတင်မောင်မြင့်၏ လမ်းညွှန်မှုများနှင့်အတူ မြို့နယ်နှင့်ကျေးရွာများတွင် လက်ခံထားရှိသော FQCစင်တာ ( ၃၀ )ခုရှိ အသွားအလာ ကန့်သတ်သီးခြားထားရှိသူ (၁၂၁)ဦး၏ နှာခေါင်းတို့ဖတ်အာခေါင်တို့ဖတ် sawbဓာတ်ခွဲ နမူနာရယူခြင်းကို ဆောင်ရွက်ခဲ့ပြီး အဆိုပါ နှာခေါင်းတို့ဖတ်အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာတို့အား အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးထားကြောင်း သိရှိရသည်။

တင်ဝင်းဇော် (မင်းသားကြီး)