ပဲခူး ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်း ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ငန်းကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ အတွင်းအရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ဥက္ကဋ္ဌများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်က ယခုစီမံကိန်းသည် တောင်သူများအပေါ် အကျိုးရှိသည့်လုပ်ငန်းဖြစ်၍ အောင်မြင်အောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကိုလည်း အပြည့်အဝကောက်ခံရရှိရေး အထူးအလေးထားဆောင်ရွက်ကြရန် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်က ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ခေါ်ယူကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များ၊ ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များမှ မြေပြင်တွင် အမှန်တကယ်လုပ်ကိုင်ဆောင်ရွက်ရာ၌ တွေ့ကြုံရမည့် ကိစ္စများအား ဆွေးနွေးတင်ပြကြရာ ပဲခူးတိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်က ကဏ္ဍအလိုက်သက်ဆိုင်ရာ ဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းပေးပြီး မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ယခုစီမံကိန်းသည် တောင်သူလယ်သမားများဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အလွန်အကျိုးရှိသည့် လုပ်ငန်းစဉ်ဖြစ်၍ စိုက်ပျိုးချိန်မီ ထောက်ပံ့ပေးနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်းစိုက်တောင်သူများအတွက် တစ်ဧကလျှင် (၁၂၀၀၀ဝိ)နှုန်း၊ တောင်သူစိတ်ကြိုက် မျိုးကောင်း မျိုးသန့်နှင့် သွင်းအားစုများအား ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး သီးနှံပေါ်ချိန်တွင် ကာလပေါက်ဈေးအတိုင်း ဝန်ဆောင်ခ(၁) ရာခိုင်နှုန်းနှင့်အတူ ပြန်လည်ပေးဆပ်သွားရမည်ဖြစ်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ယခုစီမံကိန်းသည် တောင်သူလယ်သမားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အလွန်အကျိုးရှိသည့် လုပ်ငန်းစဉ်ဖြစ်၍ စိုက်ပျိုးချိန်မီ ထောက်ပံ့ပေးနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ ဆက်)