သာယာဝတီ ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ စိုက်ပျိုးထားသော နွေစပါးများ စနစ်တကျစိုက်ပျိုးထားရာ စိုက်ဧက(၄၂၉၀၈)အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးရေးဖြင့် အဓိကအသက်မွေးဝမ်းကျောင်းပြုသော သာယာဝတီမြို့နယ်တွင် မိုးစပါးအပြင် နွေစပါးများကိုလည်းတူးမြောင်း ရေရရှိမှုအပေါ်မူတည်၍ တောင်သူများကစိုက်ပျိုးလျက်ရှိရာ နွေစပါးလျာထားစိုက်ဧကအနေဖြင့် ကျေးရွာအုပ်စု(၄၉)အုပ်စုတို့တွင် နွေစပါးစိုက်ပျိုးရန် (၃၉၃၂၇)ဧကလျာထားသတ်မှတ်ခဲ့ရာ (၄၂၉၀၈)ဧကတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပြီး နွေစပါးကို အောက်တိုဘာလကုန်သည်နှင့် စတင်စိုက်ပျိုးကြပြီး တူးမြောင်းနှင့်နီးသော လယ်မြေများတွင် ပိုမိုစိုက်ပျိုးကြကြောင်း၊ နွေစပါးစိုက်တောင်သူများက ရတနာတိုး(၁၅၇၆၉)ဧက၊ ဆင်းသုခ(၂၁၀၀)ဧက၊ ရက်-၉၀(၁၇၁၅၃)ဧက၊ GW-1 (၇၀၂၇)ဧက၊ ချမ်းမြေ့မေ(၄၀၁)ဧက၊ Jasmine-5(၁၁၆)ဧက၊ ရှမ်းရတနာ-၁(၃၄၂)ဧက စပါးမျိုးများဖြင့် စုစုပေါင်း(၄၂၉၀၈)ဧက စိုက်ပျိုးကြပြီး နွေစပါးများကို တူးမြောင်းရေသွင်းပြီး စနစ်တကျစိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း စပါးအထွက်နှုန်းကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေး၊ မြေသြဇာစနစ်တကျ သုံးစွဲတတ်စေရေးနှင့် ပိုးမွှားကျရောက်မှုမှ ကာကွယ်နှိမ်နင်းခြင်းနည်းစနစ်အား ကွင်းဆင်းဝန်ထမ်းများကလိုက်လံ၍ နည်းပညာပေး ဆောင်ရွက်ပေးလျက်ရှိပြီး၊ စိုက်ပျိုးမြေ အနေအထားအရ တစ်ဧကလျှင် နွေစပါးအထွက်နှုန်း တင်း(၁၂၀)နှင့်အထက် ထွက်ရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန့်ဇော် (သာယာဝတီ)