တောင်တွင်းကြီး ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသနေပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆီးပေးနိုင်ရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က တောင်တွင်းကြီးမြို့နယ် ဂျုတ်ကုန်းကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ဇင်ဦး၊ အတွင်းရေးမှူးရဲမှူးအောင်မိုးခိုင်၊ အဖွဲ့ဝင်(၂)ဦးလှသောင်းတို့က မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သီးနှံဝင်ငွေတိုးပွားစေမည့် ဆီထွက်သီးနှံနေကြာကို ပိုမိုတိုးချဲ့စိုက်ပျိုး လုပ်ကိုင်ကြစေလိုကြောင်း၊ ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကင်းဝေးစေရေးအတွက် Booster Dose ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ မိမိတို့ရပ်ရွာတွင် ထပ်ဆောင်းကာကွယ်ဆေး မထိုးနှံရသေးသူများရှိပါက အလေးထား ထိုးနှံကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများနှင့် ကျေးရွာတွင်းလမ်းများကောင်းမွန်ရေး၊ သောက်သုံးရေဖူလုံစွာရရှိရေး၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ ကျေးရွာနေပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)